Thursday, February 19, 2009

တရားခံဘယ်သူလဲ

တရားခံဘယ်သူလဲ
(အခန်း ၁ )
အဖေအမေသားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ပျာ်ရွှင်ရွှင်နေချင်ကြတာကဖြင့် လူသားတို့
၏ဆန္ဒဖြစ်သည်။ ဆွေမျိုးအသိုင်းအ၀န်းကြား၌ကြီးပြင်းပြီး ဇာတိမြေမှာမနေချင် သူမည်သူရှိပါမည်နည်း။ ဘ၀အခြေအနေ အမျိုးမျိုးကြောင့် ရေကြည်ရာမြက်နုရာ နေထိုင် နေကြရသော်လည်း မွေးရပ်မြေကိုမေ့သောသူသည် မည်သူမျှမရှိနိုင်ပေ။ တိုက်ဆိုင်မျှ ခံ စားမှု ဘ၀နောက်ဆုံးအချိန် အတမ်းအတဆုံးသည် အဖေအမေ မိသားစု မွေးရပ်ဇာတိ ကလွဲ၍ ဘာကိုများတမ်းတမိကြပါသလဲ။ ရင်ထေဲခံစားချက်ပြင်းထန်လေ ပို၍ပို၍တမ်း တကြရလေဖြစ်သည်။
မဲဆောက်မြို့ကလေးကဖြင့် မြန်မာပြည်၏ ဖိနှိပ်ရက်စက်မှုကြောင့် နည်းမျိုးစုံဖြင့် ထွက်လာရသော မြန်မာပြည်သားတို့အတွက် အသက်ရှင်ရပ်တည်ရာ နေရာလေးတစ်ခု ဖြစ်သည်။ စက်ရုံ အလုပ်ရုံ တောင်ယာ ဈေးရောင်း အလုပ်သမား စသဖြင့် ရုန်းကန်ရပ်တည် ရန်လုပ်ငန်းများရှိသော ဒေသဖြစ်ပေသည်။ အရွယ်မရောက်မှီနှင့် အရွယ်ရောက်ပြီး မိန်းမသားတို့ ဘ၀နှင့်ရင်း၍ ငွေရှာ၍ရသောနေရာ ဘ၀များစွာ ပျက်ရသောနေရာ အသက်ရှည်ဆေးအဖြစ် အသုံးချဖျက်ဆီးခံရသောနေရာ လဲဖြစ်ပေသည်။ ငွေကြေးရှိသူ ရာထူးရှိသူ ငွေရှာတတ်သူတို့၏ အပျော်စံမယား(သို့) လစဉ်ကြေးမယားအဖြစ်ရပ်တည်နေ ကြသော လူနည်းစု မိန်းမသားများလဲ ရှိနေပေသေးသည်။ အဓိကမှာ ရက်စက်ဖိနှိပ်နေ သော အာဏာရှင်အားတော်လှန်နေသည့် တော်လှန်ရေး အင်အားစုများ အင်အားအပြည့် ၀ဆုံးနေရာဖြစ်သည်။ မြန်မာပြည်၏ လူမှုရေး စီးပွားရေး နိမ့်ပါးမှုများကြောင့် ဆယ်ကျော် သက်အရွယ်လေးများမှာ ရရာအလုပ်လုပ်ကိုင်၍ ဘ၀ရပ်တည်နေပြရသည်။ စားစရာမဲ့ နေစရာမဲ့ ၀တ်စရာမဲ့အထိ နိမ့်ပါးလာသော မြန်မာပြည်၏ အောက်ခြေလူတန်းစားတို့ ဘ၀ကိုပီပြင်စွာတွေ့ရသော ရပ်ဝန်းလေးဖြစ်ပေသည်။
အမိနိုင်ငံ၏ အခြေအနေဆိုးကြောင့် တပါးနိုင်ငံသို့ ထွက်ပြေးခြင်း(သို့)တရားမ၀င် တပါးနိုင်ငံသို့ ၀င်ရောက်ကြရသဖြင့် တရားမ၀င်ခိုးဝင်သူများ(သို့)တရားမ၀င်အလုပ် သမားများဟု အမည်တပ်ခြင်းသည် ဥပဒေအရညီညွတ်ပါသည်။ တရားမ၀င်အလုပ်သမား များဖြစ်သဖြင့် မတရားဝင်ရောက်သူများဟု သတ်မှတ်ပြီး မတရားအနိုင်ကျင့်ခံကြ ရပြန်သည်။ သတ်မှတ်လုပ်အားခ၏ ထက်ဝက်မျှပင် မခံစားကြရပေ။ ပျှမ်းမျှလုပ်အားခ တစ်နေ့ ၆၀ ဘတ်နှင့်၇၀ဘတ် ကြားမျှသာရကြသည်မှာ မဲဆောက်ရှိ အလုပ်သမားတို့၏ အခြေအနေမှန်ဖြစ်ပေသည်။ စက်ရုံ အလုပ်ရုံ များတွင် နေထိုင်ရသော အလုပ်သမားတို့ ၏ ဘ၀မှာ ရေနံမြေအလုပ်သမားတို့ ဘ၀ထက်ပင် ဆိုးဝါးသေးသည်။
"ကျနော်တို့စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော်ရှိတယ် နေရတာက အိမ်ထောင်ရှိ ရင် ၅တောင် ခန်းလေးရတယ် အိမ်ထောင်မရှိ မိန်းခလေးဆိုရင် မိန်းခလေးဆောင်မှာ နှစ်ထပ်ကုတင် နဲ့ အပေါ်အောက်နေရတယ် ယောက်ကျားလေးတွေလဲဒီလိုဘဲနေရတယ် အသက်ရှုမချောင်ဘူး အိပ်ချိန်ဘဲ အခန်းထဲဝင်ကြတယ်" ဟု ရှင်းပြပုံကို ကြားရုံနဲ့ ခံစားကြည့်လို့ရပါနိုင်ပေသည်။
ပန်းရံ လက်သမား အလုပ်သမား ကျဘမ်း လုပ်ကိုင်သူများသည် အခန်းငယ်များငှားရမ်း နေထိုင်ကြရသည်။ မဲဆောက်တွင်မြန်မာနိုင်ငံသား ၃ သိန်းကျော် ၀င်ရောက်နေထိုင်လျက်ရှိရာ မဲဆောက်၏နေရာဒေသတိုင်း၌ လယ်ကွင်းထဲမှ မြို့ပေါ်ဟို တယ်အထိ မြန်မာနိုင်ငံသားနများတွေ့ရှိရပေသည်။နေအိမ်လိုင်းခန်း၏ နေရာတိုင်းတွင် မြန်မာနိုင်ငံသားများ ရှိနေကြပေသည်။
"ကျမတို့မိသားစု ၄ယောက်ရှိတယ် အိမ်ကြီးတန်းလျားမှာနေတယ် အိမ်လခက တစ်လ ၂၄၀၀ စပေါ်က ၄၈၀၀ ပေးရတယ် ကျမတို့မိသားစုက အောက်ထပ်နောက် ခန်းမှာနေတယ် အောက်ထပ်ရှေ့ခန်းမှာ အခန်းဖွဲ့ပြီး လင်မယား ၃တွဲနေတယ် အပေါ်ထပ်ရှေ့ခန်းမှာ မိသားစု ၅ဦးက တစ်ခန်းနေတယ် နောက်ခန်းမှာ မိသားစု၃ ဦးနေ တယ် လှေကားနားမှာ လူလွတ်ယောက်ကျားလေး ၂ယောက်နေတယ် တအိမ်လုံး လူ ၂၀ နေတယ်လေ အိမ်သာရေချိုးခန်း တစ်ခုထဲရှိတော့ အခက်အခဲရှိတာပေါ့။ အားလုံးကဒုက္ခ ရောက်နေသူတွေဆိုတော့ဒီလိုဘဲနေရတာပေါ့ မြန်မာပြည်ထက်တော့သာပါတယ်" ဟု ရှင်းပြသော အမျိုးသမီး၏စကားမှာ လက်ရှိ မြန်မာပြည်၏ အခြေအနေအား ပြေးမြင်မိလိုက် သည်။
ကြပ်ညပ်အောင်နေရသည့်ဘ၀ကပင် မြန်မာပြည်ထက်သာပါတယ်ဟု ပြောလိုက် သောစကားသံသည် ရင်ကိုနင့်အောင်ခံစားရသည် ဤသည်ကမည်သူကြောင့်နည်း သူ့ ကြောင့် ကိုယ့်ကြောင့်မဟုတ်ပေ။ စနစ်၏ဆိုးညစ်ဒဏ်ကိုခံနေရခြင်းပင်ဖြစ်ပေသည်။
တပါးနိုင်ငံတွင် နေထိုင်ရသဖြင့် ကျီးလန့်စာစားပုံစံမျိုးဖြင့် နေထိုင်ကြရသည်။ မိန်းမသားတို့၏ ဘ၀ လုံခြုံမှုမှာ စိုးရိမ်ဖွယ် ကြောက်ရွံ့ဖွယ် ရင်ဆိုင်နေကြရသည်။ လုံခြုံမှုမှာ အမြဲသတိဖြင့်နေကြရသည် ဆိုသည်ကို ဘယ်သူတွေငြင်းကြမလဲ။ နေ့ဖြစ်စေ ညဖြစ်စေ သတိလွတ်၍မရ။ မိန်းခလေးများ လမ်းလျောက်သွားစဉ် လက်ဝတ်လက်စား ဆွဲကြိုး လက်ပတ်ကြိုး ငွေ တို့အား အလုခံ အနိုင်ကျင့်ခံ ရသည်မှာ နေ့စဉ်ကြားနေ ရင်ဆိုင် နေရသော အဖြစ်အပျက်များဖြစ်သည်။ကျနော်တို့နိုင်ငံသားများအတွက်။ ဥပဒေသည် အကူအညီခံရရုံမျှသာဖြစ်ပြီး အကာအကွယ်အဖြစ်မခံစားရပေ။
လူသားများတွင် မိမိဘ၀ အတိဒုက္ခရောက်လာသည့်အခါတွင် ကိုယ်ချင်းစာစိတ်ချစ် ခင်တန်ဘိုးထားစိတ်များ လျော့နည်းသွားကြသည်ကို လက်တွေ့ကျကျ သိမြင်ကြားသိ ခဲ့ရသည်။ ကီလို၃၅၌ နေသောတောင်ယာလုပ်သည့် မိန်းခလေးတဦး၊ အသက်က ၂၅နှစ်ခန့်၊ လစာ၅၀၀၀ဖြင့် အပျော်စံမယားငယ်အဖြစ် ရပ်တည်၍နေထိုင်သည်ကိုတွေ့ ခဲ့ရသည်။ သူပြောသိစကားသံလေးကိုဖြင့် ရင်နာနာဖြင့် နားစွင့်ပြီးနားထောင်ခဲ့မိသည်။
"မိတ်ကပ်နဲ့ရေမွှေး ကုန်နေတယ် ရှာာလာပေးအုံးနော် မယားငယ်ဆိုပြီး တို့တိတို့တိမပေးနဲ့ တခါတည်းများများစားစား ယူလာပေးထား မြန်မာပြည်သားတွေဆီက သိမ်းလာရင် အများကြီးဘဲ" တဲ့ သူဘာပြောလိုက်တာလဲ၊ မြန်မာပြည်သားတွေက တရားမ၀င်နေရတာ ဒါကိုအနိုင်ယူပြီး သူ့ဆီသိမ်းယူလာပေးဘို့ပြောခြင်းပါ။ ဖြစ်သင့်ပါ ရဲ့လား။ ဘသားချောက မြန်မာပြည်သား များအာားစစ်ဆေး၍ အလှကုန်ပစ္စည်းမှန်သမျှ တရားမ၀င်ဟု အနိုင်ကျင့်သိမ်းပြီး လစဉ်ကြေးမယားထံသို့ ပေးပါတော့မည်။ မိမိအတ္တအတွက် နိုင်ငံသားချင်းအပေါ် ရက်စက်ချင်းကိုတွေ့လိုက်ရသည့်အခါ အင်မတန်ရွံ ရှာမိခဲ့ပါသည်။ ဒါအပြင် စက်ရုံအလုပ်ရုံ နှင့် နေရာတိုင်းတွင် ဘာသာစကားတတ် သူအချို့မှာ နိုင်ငံသားအချင်းချင်းအပေါ် ဖိနှိပ်အနိုင်ကျင့် နေသည်ကဖြင့် မကြားချင် မမြင်ချင် အဆုံးပေ။ အာဏာရှိသူတို့၏ အခိုင်းခံ အဖြစ်လုပ်စားနေသည်ကိုလည်း တွေ့ရသည်။ ဒေသအခေါ်ကဖြင့် ခွေးလုပ်စားနေသူများစွာ ရှိနေပေသည်။
ဘ၀အတွက်နာရုံမျှသာမက ဘ၀ကိုပါ အဓ္ခမအသိမ်းခံနေရသည်ကိုဖြင့် ဘယ်လို ကယ်ကြမလဲ။ ဘယ်လိုကူကြမလဲ။ ကယ်သူမဲ့ဘ၀ဖြင့် ခရီးဆက်နေရလျှင် ရင်နာစရာတွေပိုပို၍ တွေ့နေရင်ဆိုင်နေရပေအုံးမည်။
မှတ်မိနေသေးတဲ့ ၂၀၀၅ ခုနှစ် မေလ ၂၁ ရက် ။ မမေ့နိုင်တဲ့ နေ့တစ်နေ့ပါ။ စက်ရုံအလုပ်သမားတစ်ဦး လူမှုရေးရုံး ကို ရောက်လာခဲ့ပါပြီ၊ အချိန်က ည ၈ နာရီ ခန့်၊ မိန်းခလေးတစ်ယောက်ဘ၀ ကယ်တင်ပေးဘို့အတွက် အကုအညီတောင်းခံခြင်းပင်။
"စားသောက်ဆိုင်မှာ မိန်းခလေးတစ်ယောက် ရောင်းစားခံထားရတယ် မနက် ၁၀ နာရီ လောက်က အလုပ်လုပ်ဘို့ဆိုပြီး အမျိုးသမီးတစ်ယောက်က ပို့သွားတာ ဆိုင်ရှင်က စားသောက်ဆိုင် အတွင်းခန်းမှာ နေခိုင်းတယ် အပြင်မထွက်ရဘူး အတွင်းခန်းမှာလာစား သောက်တဲ့သူတွေကို ဧည့်ခံရတယ် ဆိုင်ရှင်ကပြောတယ်တဲ့ လာပို့တဲ့သူဆီက ၅၀၀၀နဲ့ ၀ယ်လိုက်တာ ခိုင်းတာလုပ်ရမယ် ဒီအခန်းမှာ လာတဲ့သူကို ဧည့်ခံ သူတို့ဆန္ဒရှိရင် ဖျော်ဖြေ ပေးရမယ် နေရာက လမ်းဟိုဘက်မှာ အခန်းတွေရှိတယ် ပြီးရင်ဒီပြန်လာ ဒီနေ့တော့နား မနက်ဖြန်ကစပြီး အခန်းဝင်ရမယ် တခြားသိခြင်ရင် နင့်အဖေါ်ကိုမေးထား ထွက်ပြေးဘို့ မစဉ်းနဲ့ အသက်တော့ရှင်မှာမဟုတ်ဘူးတဲ့ သမီးကြောက်တယ် သမီးမရှိရင်တောင်းစား ရဲပါတယ် ဒီအလုပ်မလုပ်ပါရစေနဲ့ သမီးဘ၀ပျက်ရတော့မယ် မြန်မာပြည်သားအချင်းချင်း ကယ်ကြပါနော် ဆိုင်က ညနေ ၆ နာရီ ဖွင့်တာတဲ့ မနက်ဖြန် ညဆိုတာ သမိးဒီမှာ မရှိပါရ စေနဲ့ တဲ့"
"ခုမိန်းခလေးအဖေါ် တစ်ယောက်နဲ့နေတယ် ဖုန်းနံပါတ်ပေးလိုက်ပါတယ်။ အဲဒါလာအကူအညီတောင်းတာပါတဲ့။ နှလုံးသားမှာ ခံနိုင်ရည်မရှိတော့၊ တို့နိုင်ငံသားတွေ ဒီလို ဘ၀တွေ ပျက်နေရတာ တို့ ညံ့လို့ ကွ ဟု နာကျည်းစွာအော်ဟစ်မိခဲ့သည်။
ချက်ချင်း ဖုန်းခေါ်လိုက်ရာ "အဖွဲ့အစည်းကလား" ဟုတ်တယ်လို့ပြောလိုက်တော့ အသံတိုးတိုးဖြင့် ခဏနေမှပြန်ခေါ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတော့ ဘာလုပ်ရမှန်းမသိ၊ ၁၅ မီးနစ်ခန့် အကြာ ဖုန်းပြန်လာရာ စားသောက်ဆိုင်ကပါ ဟု အသံတိုးတိုးကြားရသည်။
"သမီးကျိုက်ထိုကပါ အသက်၁၄နှစ်ကျော်ပါပြီ အခုစားသောက်ဆိုင်တစ်ခုမှာ ရောင်းစားခံထားရပါတယ် အခန်းအပြင်ပေးမထွက်ဘူးအတွင်းခန်းမှာနေရတယ် မနက်ဖြန်ကစပြီး ယောက်ကျားတွေ ကို ဖြေဖျော်ရမယ်တဲ့ သမီးအရမ်းရှက် အရမ်းကြောက် တယ် ဘယ်ပြေးရမှန်းလဲမသိဘူး သမီးကိုကယ်ပါ အဖျက်ဆီးခံရတော့မှာ သိနေတဲ့ သမီးဘ၀ကို စာနာပေးကြပါမနက်ဖြန်သမီး ဒီမှာမရှိပါရစေ" ဖုန်းပြတ်သွားခဲ့သည် ။
တစ်ယောက်ယောက်ဝင်လာ၍ ဖုန်းပြတ်ခြင်းဖြစ်နိုင်သည် ။သို့သော်ဖုန်းပြန်မလာ တော့။ ဘယ်သူကြောင့်လဲ ၊ဘယ်သူတရားခံလဲ၊ ဘာလုပ်မလဲ ရုံးမှာဆုံးဖြတ်ချက် ချလိုက် တာက ရအောင်ကယ်မယ်။

ဆက်လက်ဖေါ်ပြပါမည်။

ထင်ကျော်(ဧရာဝတီ)

No comments: